ကြက်သားကြာဇံဆီချက် (အလွယ်နည်း)


ပါဝင်ပစ္စည်းများ

  • ကြာဇံ - ၂၅ ကျပ်သား
  • ကြက်သား (ရင်ပုံသား+အရေခွံ)- အသား၁၅ကျပ်သား+အရေခွံ၂၀ကျပ်သား
  • ကြက်သွန်ဖြူ - ၅မွှာ
  • ပဲငံပြာရည်အကြည် - အနည်းငယ်
  • ပဲငံပြာရည်အနောက် -လဘက်ရည်ဇွန်း တဝက်
  • ကြက်သားမှုန့် - လဖက်ရည်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် - ၂ ပင် (ပါးပါးလှီးထားရပါမယ်)
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ကြာဇံကို ၁၅ မိနစ်ခန့်ရေစိမ်ထားပါ။
၂။ ကြက်သားနဲ့ ကြက်အရေခွံကို ရေဆေးပြီး ကြက်သားမှုန့်နှင့်နယ်ထားပါ။
၃။ ကြက်သွန်ဖြူကို အခွံနွှာပြီး ညက်အောင်ထောင်းထားပါ။
၄။ အိုးကိုအပူပေးပြီး အိုးထဲသို့ ကြက်အရေခွံများထည့်ပါ။(မီးမပြင်းရပါ၊အနေတော်ဖြင့်သာချက်ပါ။) ကြက်အရေခွံမှ ကြက်ဆီများထွက်လာပြီး အရေခွံများပေါ့ပြီး ပေါလောပေါ်လာလျှင် အရေခွံဖတ်များဆယ်ယူ ပြီး ကြက်သွန်ဖြူထည့်၍ဆီကျက် ချက်ပါ။(ကြက်ဆီထွက်မှုနည်းလျှင် ဆီထည့်ပေးပါ။)
၅။ ကြက်သွန်ဖြူဖတ်များ ရွှေရောင်သန်းလာလျှင် အဖတ်ကလေးများဆယ်ထားပါ။ ဆီချက်ကို ပန်းကန် တစ်လုံးထဲထည့်ထားပါ။
၆။ ဒယ်အိုးတစ်ခုတွင်းသို့ ဆီချက်ထမင်းစားဇွန်းတစ်ဇွန်းထည့်၊ပဲငံပြာရည်အနောက်ထည့်၊ ရေအနည်းငယ် ထည့်ပြီး ကြက်သားကိုပြုတ်ကြော်လုပ်ပါ။ ကျက်ပြီး အညိုရောင်သန်းလာလျှင်ချပြီးအတုံးလေးများတုံးထားပါ။
၇။ ရေနွေးဆူဆူထဲသို့ ရေစိမ်ထားသောကြာဇံကို တစ်ခါပြင်စာ (သို့) အားလုံး ထည့်ပြုတ်ပြီး ရေစစ်ထားပါ။    ၈။ ကြာဇံရလျှင် ပဲငံပြာရည်အကြည်လေးထည့်၊ ကြက်သားထည့်၊ကြက်သားမှုန့်ထည့်၊ ဆီကျက်ထည့်နှံ့အောင် မွှေပြီး အပေါ်မှ ဆီချက်ဖတ်၊ ကြက်သွန်မြိတ်လေးများဖြူးပြီး သုံးဆောင်လို့ရပါပြီ... (မိမိနှစ်သက်သလိုအရသာ ကို ပြင်စားနိုင်ပါတယ်)
ငရုတ်ကောင်းမှုန့် ကြိုက်လျှင် အပေါ်မှအနည်းငယ်ဖြူးလို့ရပါတယ်
၉။ ကြက်အရေခွံဆီချက်နံ့မွှေးမွှေးလေးနဲ့ ဆိုင်လက်ရာအတိုင်း ကြက်သားကြာဇံဆီချက်လေး ရရှိပါပြီ။


No comments:

Post a Comment

@templatesyard