ဇလုံထမင်းနယ်နည်း (၆) မျိုး


ဇလုံထမင်းနယ်ကို များသောအားဖြင့် ပဲပုပ်ကြော်ချက်၊ ငါးဟင်း၊ ငါးပိရည်ကျို၊ ငပိကြော် ၊ ဆီစိမ်း၊ ဆီချက် ရှိတာတွေ ရောထည့်နယ်လေ့ရှိပါတယ်..။ ထည့်တဲ့ အမယ်တွေအပေါ်မူတည်ပီး အရသာလေးတွေကွဲသွားပေမဲ့ ရှုးရှုးရှဲ နဲ့ ငံငံ စပ်စပ်လေးဖြစ်အာင် အငံနဲ့ ငရုပ်သီးလှော်ထောင်း များများထည့်လေ့ရှိပါတယ်။

ဇလုံထမင်းနယ်အတွက်အဓိကပါ၀င်ပစ္စည်းများ

  • ထမင်းကြမ်း
  • ပဲပုပ်ချက် / ငါးဟင်း၊
  • ငါးပိရည်/ငပိကြော်/ ငပိချက်/ ငံပြာရည်ချက်
  • ငရုပ်သီးလှော်ထောင်း
  • ကြက်သွန်ဖြူကြော် ဆီချက်/ ကြက်သွန်နီဆီချက် / ဆီစိမ်း
  • ငရုပ်သီးအခြောက်တောင့်ကို ကြွတ်အောင်ကြော်ထားပါ။
  • ပဲမှုန့်အကျက်
  • ငံပြာရည် တို့ ထည့်ပြီးနယ်ပါ။ ကိုယ်ကြိုက်တဲ့ အရသာရပီ ဆိုရင်
  • ငရုတ်သီး အကြမ်းမှုန့်ကြော် ဖြန့်ပြီးထည့် ။
  • ကြက်သွန်ဖြူကြော် ဖြန့်ပြီးထည့် ပြီးရင်
  • နံနံပင်၊
  • ပါးပါးလှီးရေစိမ်ထားတဲ့ဂေါ်ဖီ၊
  • မြေပဲကြော်၊
  • အာလူးကြော်၊ ငါးမုန့်ကြော် စသဖြင့် အကြွတ်ကြော်လေး တမျိုးမျိုးနဲ့ တွဲစားလို့ရပါပြီ။ ဟင်းချို အတွက် ပုဇွန်ခြောက်သို့မဟုတ် ငါးကျည်း ခပ်ထားတဲ့ ဗူးသီး ဟင်းခါးထဲ နံနံပင် နဲ့ ငရုပ်ကောင်းလေး ခတ်ပီး ထမင်းသုပ်လေးနဲ့ တွဲဘက်သုံးဆောင်နိုင်ပါတယ်။



ဇလုံကြီးထမင်းနယ်


ပါ၀င်ပစ္စည်းများ

  • ထမင်း
  • ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
  • ငပိရည်
  • ကြက်အူချောင်း
  • ကြက်သလုံး
  • ပဲပြားအချိုကြော်
  • တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)


ပြုလုပ်ပုံ

ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။ပြီးလျင် ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။ သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ ရှုးရှဲပေါ့ ။

လဖက်ထမင်းနယ်

ပါ၀င်ပစ္စည်းများ

  • ထမင်း
  • လ္ဘက်ချဉ်စပ်နှပ်
  • ကြက်သွန်ကြော်
  • မြေပဲလှော်
  • ဆီ
  • ဆား
  • ပုဇွန်ခြောက်မူန့်
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငါးနီတူခြောက်ကြော်ရွရွလေး
  • ရေနွေးကြမ်းပူပူလေး


ပြုလုပ်နည်း

အိမ်မှာ လဖက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင် ထည့်ပြီး ကြက်သွန်ကြော် ၊ နှမ်း ၊ မြေပဲလှော် ၊ ဆီ ၊ ဆား ၊ ပုဇွန်ခြောက်မူန့် ထည့်ပြီး အားလုံး သမအောင် နယ်ပါ ။လဖက်ထမင်းပေါ်က ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ ။ကြက်သွန်ဖြူ ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီ ပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်လို့ရပါပြီ။


မျှစ်ဝါငပိစပ်ထောင်းထမင်းနယ်


ပါ၀င်ပစ္စည်းများ

  • ထမင်း ၄ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
  • မျှစ်ဝါ ငပိစပ်ထောင်း ၅ ဇွန်း (ထမင်းစားဇွန်း)
  • ငါးဂွေးသီးချက် ကျန်တဲ့အနှစ် ၂ ဇွန်းခန့် (ထမင်းစားဇွန်း)
  • ငါးခြောက်ကြာ်
  • ခရမ်းကြွတ်သီး ၃ လုံး
  • ခရမ်းချဉ်သီး ၂ လုံး
  • ဥဝါ ၁ ပိုင်း
  • မြေပဲဆီစစ်စစ်

ပြုလုပ်နည်း

ဇလုံ တခုထဲတွင် ထမင်း ၊ မျှစ်ဝါ ငပိစပ်ထောင်း ၊ ငါးဂွေးသိးချက် ကျန်တဲ့အနှစ် တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မျှစ်ဝါ ငပိစပ်ထောင်း ထဲတွင် ဆား ပါပြီးသား ဖြစ်ပါသည် ။မျှစ်ဝါ ငပိစပ်ထောင်းနှင့် ငါးဂွေးသီးချက် ကျန်တဲ့အနှစ်ကို နယ်ထားသည့် ထမင်းကို ငါးခြောက်ကြာ် ၊ ခရမ်းကြွတ်သီး ၊ ခရမ်းချဉ်သီး ၊ ဥဝါ အချောင်းရျည်လေးများကို ဂျိုးဂျိုးဂျွတ်ဂျွတ် စားကြည့်ပါ အင်မတန် ကောင်းပါသည် ။မျှစ်ဝါ ငပိစပ်ထောင်းကို ထမင်းနယ် ပေါ်မှာ ပုံထားပါသည် ။ အိမ်မှကလေးများ၏ တောင်းဆိုချက်အရ ဖြစ်ပါသည်။

ပုဇွန်စပ်ခြောက်ထမင်းနယ်


ပါ၀င်ပစ္စည်းများ

  • ထမင်း ၁ ပန်းကန်
  • ပုဇွန်စပ်ခြောက် ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငါးဥဟင်း အနှစ်
  • ငါးဥဟင်း ၁ ကောင်
  • ခရမ်းချဉ်သီး
  • ဒညင်းသီး ပြုတ်
  • သံပုရာသီး သေးသေးလှီးထားပါ
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်


ပြုလုပ်နည်း

ထမင်း ၊ ပုဇွန်စပ်ခြောက် ၊ ငါးဥဟင်း အနစ် ၊ ဆား နှင့် ဆီ အနည်းငယ်ကို နယ်ပါ ။နယ်ထားသည့် ထမင်းနယ်ကို ငါးဥဟင်း ၊ ဒညင်းသီး ပြုတ် ၊ ခရမ်းချဉ်သီး ၊ သေးသေးလှီးထားသော သံပုရာသီး တို့နှင့် တွဲ၍ စားနိုင်ပါသည် ။
အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။


မကျည်းထောင်းစပ်ထမင်းနယ်


ပါ၀င်ပစ္စည်းများ

  • ထမင်း ၂ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
  • မကျည်းထောင်းစပ်စပ် ၂ ဇွန်း (ထမင်းစားဇွန်း)
  • မကျည်းရွက် လက်တဆုပ်စာ
  • ကြက်ဥမွှေကြော် (ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်)
  • မျှစ်ပြုတ်
  • ဖရဲသီး ပေါက်စပြုတ်
  • မြေပဲဆီစစ်စစ်


ပြုလုပ်နည်း

ဇလုံ တခုထဲတွင် ထမင်း ၊ မကျည်းထောင်းစပ်စပ် ၊ မကျည်းရွက်စိမ်း တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မကျည်းထောင်းစပ်စပ်ထဲတွင် ဆားပါပြီးသား ဖြစ်ပါသည်။ကြက်ဥမွှေ ကြော် ထဲတွင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်တို့ ပါဝင်ပသည် ။မျှစ် နဲ့ ဖရဲသီးပေါက်စတွေကို တို့စားရန် ပြုတ်ထားပါသည် ။မကျည်းထောင်းစပ် နှင့် နယ်ထားသည့် ထမင်းကို ကြက်ဥမွှေကြော် ၊ မျှစ်ပြုတ် ၊ ဖရဲသီး ပေါက်စပြုတ် ၊ မြေပဲကြော် တို့နှင့် တွဲစားပါတယ်။


No comments:

Post a Comment

@templatesyard