ကြက်ဥပူတင်းပေါင်း


ကြက်ဥပူတင်းပေါင်း အတွက်လိုအပ်တာလေးတွေ

  • Caramelized Sugar
  • ကြက်ဥ အရွယ်လတ် – ၅ လုံး
  • Vanilla essence – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အနံ့မွှေးရန် ထည့်တာပါ။)
  • နိူ့ဆီ (condensed milk) – ၁ ဗူး (395 g )
  • နိူ့စိမ်း (evaporated milk) – ၁ ဗူး (375 ml)
  • နွားနိူ့ (full cream milk) – 1/2 cup (125 ml)

Caramelized Sugar လုပ်ရန်လိုအပ်တာလေးတွေ

  • သကြား – 1/2 cup (125 ml)
  • ရေ – ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

1. သကြား နှင့် ရေ ကို medium heat ဖြင့် အပူပေးထားပါ။သကြားများပျော်လာလျှင် သကြားများညီညီညာညာ ကျက်စေရန် အိုးကိုအနည်းငယ်မကာ ဟိုဖက်၊ ဒီဖက် နည်းနည်းစီဝှိုက်ပြီးစောင်းပေးပါ။ အိုးနံဘေးတွင် သကြား ဂျိုးများ အရမ်းကပ်ပြီးမကျန်အောင် အနည်းငယ်သာစောင်းပေးပါ။ (ဇွန်းဖြင့် မွှေရန် လုံးဝမလိုပါ။ )

2. အိုးနံဘေးတွင်ကပ်လာသော သကြားဂျိုးအချို့ကို ဇွန်းဖြင့်ခြစ်ချပေးပြီး လုံးဝမမွှေပဲ အိုးကို ဟိုဖက်၊ ဒီဖက်ဝှိုက် ပြီး မကြာခဏစောင်းပေးပါ။

3. ၁၀ မိနစ်ခန့် (သို့) အောက်ပါပုံအတိုင်း အမြှုပ်ထနေသော သကြားရည်များ ညီညီညာညာ ဝါညိုပုတ်အရောင် ပြောင်းသွားသည်နှင့် အရမ်းအတူးမြန်သောကြောင့် ချက်ချင်းမီဖိုမှဖယ်ကာပူတင်းထည့်ပေါင်းမည့် ခွက် (8.5″ x 2.5″)ထဲ ညီညီညာညာပြန့်သွားစေရန် ဖြန့်ပြီး လောင်းထည့်ထားပါ။ အမြှုပ်များ သူ့အလိုလိုကျုံကျသွားမှာ ဖြစ်ပါတယ်။ လိုအပ်သော caramelized sugar ကိုရပြီဖြစ်ပါတယ်။

4. ပြီးနောက် ကြက်ဥ၊ vanilla essence နှင့် နိူ့ဆီကို ကြိတ်စက် (blender) ထဲထည့်ကာ ၁ မိနစ်ခန့် (သို့) ကြက်ဥများ တတ်နိူင်သမျှ ကြေညက်သွားအောင် ကြိတ်ပေးပါ။

5. အရည်များလျှံထွက်လာတတ်သလို၊ အမြှုပ်များပါ ထလာတတ်သောကြောင့် low speed ဖြင့် ဖြည်းဖြည်းချင်း ကြိတ်ပေးပါ။ (ကြက်ဥအဖတ်များ ကြေညက်လွယ်စေရန် နှင့် အမြှုပ်အများကြီး ဖြစ်မလာစေရန် နိူ့စိမ်း နှင့် နွားနိူ့ ကို တစ်ခါတည်းထည့်ပြီး မကြိတ်ခြင်းဖြစ်ပါတယ်။)

6. ပြီးလျှင် နိူ့စိမ်း၊ နွားနိူ့ နှင့် ကြိတ်ထားသော ကြက်ဥ နိူ့ဆီ အရည်များကို ဇလုံထဲထည့်ကာ အားလုံးပြန့်နှံ့ရောနှော သွားအောင် ဇွန်း (သို့) spatula ဖြင့် သေသေချာချာ မွှေရောပေးပါ။ (အမြှုပ်များထလာတတ်၍ ခလောက်ပြီး မမွှေရပါ။ အမြှုပ်ထပါက ပူတင်းအသားတွင် လေခိုသည့် အပေါက်များဖြစ်ကာ မလှမပဖြစ်တတ်ပါတယ်။)

7. သေချာစွာမွှေရောပြီးနောက် ၁၀ မိနစ်ခန့် အအေးခံထားပြီးသော caramelized sugar အပေါ်မှ ဖြန့်ပြီး လောင်း ထည့်ပေးပါ။ (caramelized sugar က အနည်းငယ်နွေးနေသေးပေမယ့် မျက်နှာပြင်တင်းနေပြီဖြစ်၍ လောင်း ထည့်လိုက်သော အရည်များဖြင့် ရောနှောမသွားနိူင်တော့ပါ။)

8. ပြီးလျှင် aluminium foil ဖြင့် ဖုံးကာ ပွက်ပွက်ဆူနေသော ရေအိုးပေါ်တင်ပြီး အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၁၀ မိနစ်ပေါင်းပေးပါ။ (ပေါင်းသောအခါ ကြက်ဥအရည်များ အပူရှိန်ကြောင့် ပွတက်လာပြီး လျှံထွက် တတ်၍ ပေါင်းသည့်ခွက်ထဲ အရမ်းပြည့်အောင်မထည့်ရသလို၊ အပူရှိန်ပြင်းပြင်းဖြင့်လည်း မပေါင်းရပါ။)

9. အပူရှိန်ကို အနည်းငယ်ထပ်လျှော့ကာ ၁၅ မိနစ် ထပ်ပေါင်းပါ။ ၁၅ မိနစ် ထပ်ပေါင်းပြီးနောက် aluminium foil ကို အနည်းငယ်ဖယ်ပြီး ပူတင်းထဲ ဓါးချွန်ထိုးထည့်ကြည့်ပါ။ ပူတင်းအလယ်လောက်က မကျက်သေးဟု ထင်ရ အောင် လှုပ်နေသေးသော်လည်း….

10. ဓါးတွင်အဖတ်များ ကပ်ပါ မလာတော့ပါက ပူတင်းကျက်ပြီ ဖြစ်၍ aluminium foil နှင့် အိုးအဖုံးကို ပြန်ဖုံး ပြီး မီးဖိုမီးကိုပိတ်ပါ။ (ရေနွေးငွေ့ဟပ်ကာ အပူလောင်တတ်သဖြင့် ဂရုစိုက်ပြီးလုပ်ပေးပါ။)

11. မီးပိတ်ထားသော မီးဖိုပေါ်မှာ ၁၀ မိနစ်ခန့် ဆက်ထားပေးပါ။

12. ပြီးလျှင် မီးဖိုမှဖယ်ကာ aluminium foil ကို ခွါပြီး အအေးခံထားပါ။ aluminium foil နှင့် ပူတင်းများကပ်နေ တတ်သောကြောင့် သတိထားပြီး ခွါပေးပါ။ (ပူတင်းခွက်ကို အနည်းငယ်လှုပ်ကြည့်ပါက အရည်များ မကျက် သေးဟုထင်ရအောင် တုန်နေတတ်ပါတယ်။ စိတ်ပူရန်မလိုပါ။)

13. ၂ နာရီခန့် အအေးခံပြီးလျှင် glad wrap (သို့) ပန်းကန်ပြား ဖြင့် ဖုံးကာ ရေခဲသေတ္တာ (ခဲသည့်အဆင့်မဟုတ်) ထဲ အနည်းဆုံး ၃ နာရီခန့် ထည့်ထားပါ။

14. ပြီးနောက် အောက်ပုံပါအတိုင်း ခွက် နှင့် ပူတင်းကြား အောက်ခြေအထိ ဓါးပါးပါးလေးထည့်ကာ အနားများ ကွာအောင် ညင်ညင်သာသာ ပတ်ထားပါပန်းကန်ပြားတစ်ချပ်ကို ပူတင်းခွက်ပေါ်မှောက်တင်ပြီး ပြောင်းပြန် ပြန် လှန်၍ ခွက်ကို ညင်ညင်သာသာ အနည်းငယ် လှုပ်ချပေးလျှင် ပူတင်းလေး ကျလာပါလိမ့်ည်။

15. နူးညံ့မွှေးပျံ့လှသော ပူတင်းကို ကြိုက်နှစ်သက်သလိုလှီးပြီးပါက ပုံစံမပျက်လှလှပပ ရစေရန် ဇွန်းကြီး ပါးပါး ပြားပြားကို ထိုးထည့်၍ မပြီး မိမိထည့်လိုသည့် ပန်းကန်ထဲထည့်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment

@templatesyard