မုန့်ဟင်းခါး အိုးကြီးချက်(လူ ၁၀၀ စာ)


စတုဒီသာ အလှူလုပ်ချင်တဲ့အခါ ကိုယ်တိုင် ဝယ်ပြီးချက်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းအချိုးအစား

  • မုန့်တီဖတ်                                  (၃၀)ပိသာ
  • ငါး                                              (၁၂)ပိသာ
  • ဆီ                                              (၅)ပိသာ
  • အချိုမှုန့်                                     (၁)ထုပ်
  • ကြက်သွန်နီ                                 (၅)ပိသာ
  • ကြက်သွန်ဖြူ                             (၇၅)ကျပ်သား
  • ဂျင်း                                            (၅၀)သား
  • ငရုတ်ပွ                                       (၂၅)သား
  • ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်)  (၂၅)သား
  • ကုလားပဲဆန်                              (၂)ပိသာ
  • ဆန်မှုန့်                                        (၁)ပိသာ
  • စပါးလင်                                     (၁၀)ပင် 
  • ငှက်ပျောပင်                                (၄)ပင်ခန့်
  • ဘဲဥ                                             (၅၀)လုံး
  • နံနံပင်                                          (၁)ပိသာ
  • ရှောက်သီး                                   (၁၀)လုံးခန့်
  • ငံပြာရည်                                     (၁)ပုလင်း
  • ဆား                                             (၃)ထုပ်ခန့်

ချက်ပြုတ်နည်း

၁။ ပထမဆုံး ငါးတွေကို ခေါင်းတွေဖယ် ခုတ်ထစ် ပြီး ဆားများများ ငံပြာရည် အချိုမှုန့် နနွင်းမှုန့် စတာတွေနဲ့ နယ်ပြီနှပ်ထားပါ။

၂။ ပြီရင် အိုးကြီးတစ်လုံးအောက်ခြေမှာ စပါးလင် ၅ပင်ခန့်ဖြန့်ခင်းပါ။  ပြီးရင်ငရုတ်အပွတောင့်တွေရေဆေးပြီးစပါးလင်ပေါ်ထပ်ပီး ဖြန့်ခင်းရပါမယ်။ အပေါ်မှာ ငါးတွေကိုစီထည့်ပြီး ပြုတ်ပါ။

၃။ အရိုးနူးပြတ်ရင်တော့ ပိုကောင်းပေမယ့် အချိန်ကြာမှာဖြစ်လို့ အိုးထဲကနေ စပါးလင် ငရုတ်သီး အနံ့နဲ့ငါးပြုတ် ငံပြာရည်အနံ့တွေလှိုင်တက်လာအောင်ပြုတ်ပါ။ 

၄။ ငါးပြုတ်အသားကျက်ပြီး မာမာတင်းတင်း ဖြစ်သွားရင် အရိုးနွင်ပါမယ်။ အရိုးနွင်တဲ့အခါ ငါးအသားတွေကို နနွင်းမှုန့် နဲ့နယ်ပြီး အနည်းငယ်စီလုံးပြီး အရိုးရှာရပါ။

၅။ နနွငိးဝါဝါကြားမှာ အရိုးဖြူဖြူလေးတွေမို့လို့ နွင်လို့လွယ်ပါတယ်။ တစ်ဖက်မှာလည်း ငါးပြုတ်ပြီးရင် ပဲဆန်တွေကိုနူးအိနေအောင်ပြုတ်ထားရပါ။

၆။ နူးသွားရင် လက်ဆုံနဲ့ပဲထောင်းထောင်း ဇကာနဲ့ပဲ တိုက်တိုက်အဆင်ပြေသလို အနှစ်ရအောင်လုပ် ထားပါ။

၇။ ငါးပြုတ်အိုးထဲက ငရုတ်ပွတောင့်တွေကို ညက်နေအောင်ထောင်းရပါမယ်။ငါးပြုတ်ရည်တွေကိုလည်း အိုးတစ်လုံးထဲသေချာစစ်ထည့်ထားရပါ။ 

၈။ ကြက်သွန်နီ ၃ပိသာခန့်လှီးထားပါမယ်။ ကြက်သွန်ဖြူကိုလည်း အခွံခွါပြီးကြိတ်ထားပါ။ဂျင်းလည်းအခွံနွာပြီးထောင်းထားရပါမယ်။ စပါးလင် ၅ပင်ခန့်လည်း ပါးပါးလှီးပြီးထောင်းထားပါ။ 

၉။ အားလုံးပြီးရင်တော့ ငါးဆီသတ်ပါမယ်။ဒယ်တစ်ခုထဲကို ဆီများများထည့်ပြီး ငရုတ်သီးထောင်း ထားတာရော ငရုတ်အရောင်တင်မှုန့်ရေဖျော်တာရော ထည့်ပြီးဆီသတ်ပါ။

၁၀။ ငရုတ်သီးကျက်လောက်ရင် ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ထည့်ကြော်ပါမယ်။ ခဏကြော်လို့အနံ့မွှေးလာရင် ငါးအရိုးထွင်ပြီး သိပ်ထားတာတွေထည့်ကြော်ပြီး ဆီသတ်ရပါမယ်။ 

၁၁။ ငါးဆီသတ်တာ အဓိကပါ။ အိုးမကပ်အောင် မပြတ်မွှေပေးနေရပြီးတော့ ငါးအသားတွေနဲ့ ဆီ ငရုတ်သီး ကြက်သွန်တွေ လုံးပြီး အနံ့တွေမွှေးကြိုင်လာပြီဆို ချလို့ရပါပြီ။ 

၁၂။ ဆီသတ်ကြော်တာနည်းရင် မုန့်ဟင်းရည်က ငါးပြုတ်အနံ့ကြီးထွက်ပြီး သိပ်မမွှေးသလို ကြော်တာများသွားရင်လည်း မုန့်ဟင်းရည်ထဲမှာ ကြက်သွန် ကြော်ဖတ်တွေက မပျော်သွားဘဲ ပေါလော ပေါ်နေတတ်တယ်။ အဲဒါကြောင့် အကြော်များလို့ မရသိလို နည်းလို့လည်းမရပါ။ 

၁၃။ ငါးအသားတွေလုံးပြီး ကြက်သွန်ဖတ်တွေလည်း အိနေပြီးတော့ ငါးဆီသတ်အနံ့မွှေးလာတဲ့အချိန်ကို ချိန်ဆပြီးချရပါမယ်။

၁၄။ အဲဒီမွှေးကြိုင်နေတဲ့ ငါးဆီသတ်က မုန့်ဟင်းခါးရဲ့အသက်ပါ။ ပြီးရင်တော့ ဟင်းရည်စချက်လို့ရပါပြီ။ ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံး ခွဲခန့် ထည့်ပြီးကျိုထားပါ။

၁၅။ ဆူလာရင်  ငါးပြုတ်အိုးထဲမှာကျန်ခဲ့တဲ့ ငါးပြုတ်ရည် ရယ် ပဲဆန်ထောင်းထားတာရယ် ဆန်မှုန့် ရယ်ထည့်ပြီး မွှေပေးနေရပါမယ်။ ဆန်မှုန့်က ကပ်တတ်လို့  အောက်ခြေခြစ်ပြီးမွှေပေးပါ။ 

၁၆။ ခဏကြာလာရင်တော့ ငါးဆီသတ်ထားတာတွေလောင်းထည့်ပြီး ခဏမွှေပြီး အဖုံးအုပ်ထားပါ။ 

၁၇။ ဘဲဥပြုတ်ပြီး စိတ်ထည့်ပါ။ဟင်းရည် အပျစ် အကျဲ အပေါ့ အချို အငံ လိုသလိုညှိပါမယ်။ ကြာကြာတည်ထားမှ ငါးဆီသတ်သား ရော ဆန်မှုန့်ရော ပွလာပြီး ဟင်းရည်က ခပ်ပျစ်ပျစ် လေး ဖြစ်လာမှာပါ။

၁၈။ ချခါနီးရင်တော့ ငှက်ပျောပင်လှီးထည့်ပါ။ကြက်သွန်နီ အလုံးလိုက်(၁)ပိသာလောက်ထည့်ပါ။ 

ဟင်းရည်လည်း အနေတော်ကြက်သွန်နီ ငှက်ပျောပင် တွေလည်း နူးလာပြီး ဂျင်း စပါးလင် အနံ့တွေနဲ့ မွှေးကြိုင်နေတဲ့ မုန့်ဟင်းခါး ကောင်းကောင်း တစ်အိုးရပါပြီ။ ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်၊ ငရုတ်သီးမှုန့်စပ်စပ်လေးနဲ့ မိမိကြိုက်နှစ်သက်ရာ အကြော်ကို ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။


No comments:

Post a Comment

@templatesyard