ရှောက်သီးငါးပိချက်


ဒီငါးပိချက်လေးက ရှောက်သီးဖတ်တွေ ခွာပြီး ထည့်ချက်ထားတာပါ။ အချဉ်အရသာအတွက် ရှောက်သီးကို အဖတ်လိုက်ထည့်တာ မခါးလို့ တော်တော်လေး သဘောကျခဲ့တဲ့ ဟင်းတစ်မည်ပါ။ စားလို့လည်း တော်တော်လေး အရသာရှိတယ်။ တို့စရာစုံတာနဲ့တော့ တော်တော်လေးလည်း လိုက်ဖက်ပါရဲ့ ။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း - ၁၅ ကျပ်သား
  • ငါးပိရည်ကျို - ၅ ကျပ်သား
  • ရှောက်သီးစိမ်းစိမ်း - အနေတော် ၁ လုံး
  • ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
  • ကြက်သွန်နီ - ၁ ဥ
  • ကြက်သွန်ဖြူဗမာဥ - ၃ ဥ
  • ငရုတ်အရောင်တင်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
  • နနွင်း - အနည်းငယ်
  • ဆီ - ၅ ကျပ်သား
  • ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
  • ထန်းလျက်ခဲ - သေးသေး ၁ ခဲ
  • ပင်စိမ်း - အနည်းငယ်


ချက်နည်း

1. ငါးကြင်းကိုပြုတ်ပြီး အသားနွှင်ထားပါ။ ငါးပိ ရည်ကျိုကိုလည်း နနွင်းထည့်ကျိုပြီး စစ်ထားပါ။

2. ကြက်သွန်ဖြူ/နီကို ရောထောင်းထားပါ။ ငရုတ်သီးစိမ်းကို ညှပ်ထားပါ။ ပင်စိမ်းကို ရေဆေးသန့်စင်ထား ပါ။ 

3. ရှောက်သီးကို အခွံခွာပြီး အမြွှာလေးတွေ ထုတ်ယူ ထားပါ။ သတိထားရမှာက ရှောက်သီးခွံ အဖြူဖတ်
များ၊ အစေ့များ လုံးဝမပါစေရပါ။ ခါးတတ်ပါသည်။ ရှောက်သီးအမြွှာလေးတွေသာ ထုတ်ယူပါ။ 

4. ဆီပူလာ လျှင်ကြက်သွန်ဖြူ/နီ၊ နနွင်းထည့် ဆီသတ်ပါ။ မွှေးပြီး ကြွပ်လာရင် အရောင်တင်မှုန့်ထည့်ပါ။ ငါးထည့်ပါ။ ငါးနံ့လေးမွှေးလာရင် ကျိုထားသောငါးပိရည်လောင်း ပါ။ 

5. ထန်းလျက်နှင့် ဆားထည့်ပါ။ ခဏအပွက်ခံပြီး ငရုတ်သီးစိမ်းထည့်ပါ အရည်အရမ်းမကျဲဘဲ ခပ်ပျစ် ပျစ်လေး ချက်ပါ။ 

6. အရည်အနေတော်ရသည့်အခါ ရှောက်သီးဖတ်များ ထည့်ပါ။ ပင်စိမ်းအုပ်ပါ။ အပေါ့ အငန်မြည်းပါ။ စားကောင်းသော ရှောက်သီးငါးပိချက် ရပါပြီ။




No comments:

Post a Comment

@templatesyard