ကြာဆံချက် (ပွဲ ၁၀ဝ စာ)

 

ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ကြက်ပြုတ်ရည် ကောင်းကောင်းနဲ့ချက်တဲ့ ကြာဆံချက်က စားလို့ကောင်းတာပါ။ ပြီးတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ မအီတဲ့ အစားအစာမို့ အလှူပွဲမှာ ကြာဆံချက် ကျွေးမွေးဧည့်ခံရတာလည်း မျက်နှာပန်းလှပါတယ်။


ပါဝင်ပစ္စည်းများ

  • ပဲကြာဆံ – ၁ ပိဿာ
  • ကြက်သား – ၂ ပိဿာ
  • ကြက်ရိုး – ၁ ပိဿာ
  • ငါးဖယ် – ၁ ပိဿာ
  • ငုံးဥ – အလုံး ၂၀ဝ
  • ကြက်သွန်နီဥသေး – ၂ ပိဿာ
  • မှိုခြောက် – ၁၀ ကျပ်သား
  • ပန်းခြောက် – ၁၀ ကျပ်သား
  • ပဲလိပ် – ၁၀ ကျပ်သား
  • ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား
  • အရောင်တင်မှုန့် – ၁၅ ကျပ်သား
  • ကြက်သွန်ဖြူ – ၃၅ ကျပ်သား
  • လက်ဖက်စားကြက်သွန်ဖြူကြော် – ၂၅ ကျပ်သား
  • ချင်း – ၁၀ ကျပ်သား
  • ဆီ – ၃၀ ကျပ်သား
  • အရသာမှုန့် – စားပွဲဇွန်း ၅ ဇွန်း
  • သကြား – စားပွဲဇွန်း ၁၀ ဇွန်း
  • ဆား – စားပွဲဇွန်း ၇ ဇွန်း
  • ဗမာငံပြာရည်ကောင်းကောင်း – ၂၀ ကျပ်သား
  • နံနံပင် – ၁ ပိဿာ
  • ကြက်သွန်နီ – ၁ ပိဿာ (ပါးပါးလှီး)
  • ငရုတ်သီးလှော်မှုန့် – ၃၀ ကျပ်သား


ချက်ပြုတ်နည်း

        ဦးစွာ ကြက်သားကို ရေဆေးသန့်စင်၍ အတုံးသေးလေးများတုံးပြီး ဆား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲ တင်ဇွန်း ၁ ဇွန်း၊ ငံပြာရည် ၁၀ ကျပ်သားနှင့် ပိုင်ပိုင်နိုင်နိုင် နယ်နှပ်ထားပါ။ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ရေစိမ်ထားပါ။ ပဲကြာဆံကိုလည်း ရေစိမ်ထားပြီး ငုံးဥကို ပြုတ်ထားပါ။ ရေနွေးဆူအောင်တည်၍ ဆူလာလျှင် ချင်း ၅ ကျပ်သား ဓားပြား ရိုက်ထည့်ပြီး ကြက်သွန်ဖြူ ၁၀ ကျပ်သားကို အပေါ်ခွံနွှာ၍ ရေသန့်စင် အောင်ဆေး ပြီးထည့်ပြုတ်ပါ။ ကြက်ရိုးများ ခုတ်ထစ်ပြီး ထည့်ပြုတ်ထားပါ။ ကြက်ရိုးမှ ကစီရည်ထွက်ပြီး မွှေးလာတဲ့အထိ တည်ပါ။ ထည့်ရမယ့်ရေချိန်မှာ ထမင်း ပေါင်းအိုး ၁ ပြည်ချက်နှင့် ရေ ၁၀ လုံးပါ။ ရေနွေး အသင့်ဆောင်ထားပါ။ အပျစ်အကျဲပေါ်လိုက်ပြီး ရေလိုက်နိုင် ပါတယ်။ အိုးကြီးချက်အရည်ချက်တဲ့အခါ အဓိက ရေမများစေဘဲ ရေနွေး အသင့်ဆောင်ထားပါ။ ပျစ်လျှင် ရေလိုက်လို့ ရပေမယ့် ကျဲသွားရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ 

        ငါးဖယ်ကို စေးနေအောင် ဆား၊ အရသာနှင့် ပေါက်ပြီး အလုံးလေးတွေ ထည့်ပြုတ်လို့ရသလို အပြား ခပ်ကြီးကြီးပြားပြီး ပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးနှင့် ညှပ်ထည့်လို့လည်း ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းပြီး ဆီ ၂၀ ကျပ်သားနှင့် ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် အစိမ်းမှုန့်ထည့်ပါ။ နှပ်ထားသော ကြက်သားထည့်ပြီး ကျန်တဲ့ ငံပြာရည်အားလုံးထည့်ပါ။ ငံပြာရည်အစိမ်းနံ့ ပျောက် တဲ့အထိ ဆီသတ်ပါ။ ရေစိမ် လို့ ပွလာပြီဖြစ်တဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို အနေတော်အရွယ် ကတ်ကြေး နှင့်ဖြတ်ထားပါ။ ရေနွေး အိုးဆူလျှင် နယ်ထားတဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ၅ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆန်ခါနှင့်စစ်၍ ဆန်ခါ ပေါ်မှ ရေဆေးပြီး ရေစစ်ထားပါ။ အဲဒါဆိုရင် မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်မှာပါတဲ့ ချဉ်တင်တင် အနံ့တွေ ပျောက်ပါပြီ။ ငုံးဥတွေကို အခွံခွာထားပါ။ ကြက်သွန်နီဥသေးကို ဟင်းရည်ထဲထည့်ဖို့ အခွံနွှာထားပါ။

        ပဲကြာဆံ ရေစိမ်ထားတာကို ရေ ၃ ရေလောက် ဆေးပါ။ ပဲကြာဆံမှာ သဲတွေပါတတ်လို့ပါ။ ပြီးလျှင် ဆန်ခါနဲ့ ရေစစ်ထားပါ။ ဒယ်ကြီးကြီးထဲ ကျန် ဆီ ၁၀ ကျပ်သား ထည့်ပြီး ရေစစ်ထားသော ပဲကြာဆံများ ထည့် လှော်ပါ။ ဒီလိုလှော်ပြီးမှ ကြာဆံကို ဟင်းရည်ထဲခတ်တဲ့အခါ အဆူခံပါတယ်။ ကြာဆံများ ပြတ်ထွက်တာတွေ မဖြစ်တော့ပါဘူး။ ကြာဆံတွေ ရေဓာတ် ကုန်ပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရပါပြီ။ ကြက်ပြုတ်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပြီး မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်သွန်ဥ၊ ကြက်သားဆီသတ်၊ ငါးဖယ်၊ ဆား၊ အရသာမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပါ။

        ပျစ်အကျဲအနေအထားနဲ့ အရသာမြည်းပါ။ အားလုံးအနေအထားမှန်လျှင် ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပွဲပြင်ရန်အတွက် နံနံပင်၊ ကြက်သွန်နီ၊ ရှောက်သီးလှီးထားပါ။ လက်ဖက်စားကြက်သွန်ကြော်ကို ထုခြေထားပါ။ (ကြာဆံချက်ထဲ ခတ်သောက်လျှင် အလွန်မွှေးပြီး အရသာတစ်မူထူးခြားပါတယ်။) ငရုတ်သီးလှော် မှုန့် စသည် တို့ကို ဧည့်ခံစားပွဲပေါ် လှပစွာခင်းကျင်းပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။ ငုံးဥကို တစ်ပွဲ ၂ လုံးကျ ထည့်ပေးပါ။


 

No comments:

Post a Comment

@templatesyard