ထမင်းအစုံသုပ်ချဥ်ငံစပ်

 


ပါဝင်ပစ္စည်းများ

  • အာလူး
  • ပဲသီး
  • ပဲပင်ပေါက်
  • ဆီနီ၊ ဆီဝါ
  • ကြက်သွန်နီဆီချက်
  • ငါးဖယ် (မိမိကြိုက်နှစ်သက်ရာ အကြော်)
  • ကြာဇံ သို့မဟုတ် ခေါက်ဆွဲ
  • ပဲမှုန့်
  • ပုစွန်ခြောက်မှုန့်
  • နံနံပင်
  • မန်ကျည်းမှည့်ချဥ်
  • ကြက်သားမှုန့်
  • ပုစွန်ငံပြာရည်
  • ငရုတ်သီးအကျက်မှုန့်


ပြုလုပ်နည်း

1. အရင်ဆုံး အာလူးကိုနူးပြီး ချေလို့ရတဲ့အထိပြုတ်ထားပါမယ်။ ပြီးရင် ကြာဇံ (သို့) ခေါက်ဆွဲကိုပြုတ်ပြီး ရေအေးလောင်းချပြီး အအေးခံထားပါမယ်။ ပြီးရင်တော့ကြက်သွန် နီဆီချက်ချက်ပြီး ဆီချက်တွေကိုခွဲဖယ်ထားပါ။ ပိုတဲ့ဆီတွေကို ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ဆီနီ ထပ်ချက်ပါ။ 

2. ငါးဖယ်ကို ဆား၊ အချိုမှုန့်ထည့်ပြီး နာနာလေးပေါက်ထားပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူမှာ  ထည့်ပြုတ်ပါမယ်။ ငါးဖယ်လေးနည်းနည်း မာလာပြီဆိုရင်တော့ ဖယ်ထုတ်ထားလို့ရပါပြီ။ ( ငါးဖယ်ကို အိအိထုပ်ထုပ်လေးစားချင်ရင် မကြော်ဘဲ ပြုတ်ပြီးထည့်ပါ။ ကြော်တာကြိုက်တဲ့သူက ကြော်ပြီးထည့်လို့ရပါတယ်။)

3. မန်ကျည်းမှည့်ကို ရေနွေးလေးနည်းနည်းထည့်၊ ထန်းလျက်လေးနည်းနည်းထည့်၊ ဆားလေးနည်းနည်းထည့်ပြီး ဖျော်ထားပါ။ 

4. ပဲသီးကို စိမ်းစိမ်းကျွပ်ကျွပ်လေးစားရအောင်လို့ ရေနွေးမဖျောဘဲ ရေသေချာဆေးပြီး သေးသေးလေးတွေညှပ်ထည့်ပါ။ ပဲပင်ပေါက်ကိုလည်း ၃ ရေလောက်ဆေးပြီး အမှိုက်တွေဖယ်ပြီး ရေစစ်ထားပါ။ 

5. အားလုံးပြီးပြီဆိုရင်တော့ ထမင်းထဲကို ခုနကပြင်ဆင်ထားတဲ့ အစာပလာတွေ လိုသလောက်ထည့်ပြီး သုပ်စားလို့ရပါပြီ။ ဆီတွေအရမ်းမထည့်မိဖို့တော့ သတိထားပါ။ ထမင်းသုပ်က ဆီများရင် အီသွားပြီးစားမကောင်းဖြစ်တတ်ပါတယ်။



No comments:

Post a Comment

@templatesyard