ဝက်သားကြော်နှပ်နဲ့ကြွက်နားရွက်မှို


ကြွက်နားရွက်က အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဟင်းချိုချက်မလား၊ သုပ်ပြီးစားမလား ။ ခုလိုလေးဝက်သားနဲ့ နူးအိနေအောင်နှပ်ပြီး စားမလားပေါ့။ ဒီဟင်းချက်မယ်ဆိုရင် Recipe ထဲမှာပါတဲ့ ဆီတို့ဟူးအနီလေး တော့ရှိမှ ဖြစ်မှာပါ။ များသောအားဖြင့်ကျွန်တော်တို့ စားနေကြဆီတို့ဟူးလေးက အဝါနုရောင် ဖျော့ဖျော့လေးပါ။ ဆီတို့ဟူးကို Foo Yee (Fermentedbeancurd) လို့ခေါ်ပြီး ဟင်းသီးဟင်းရွက်နဲ့ ကြော်စားရသလို ဆန်ပြုတ်နဲ့ လည်းတွဲပြီး စားလို့ရပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာတော့ ထမင်းကြော်တို့ ထမင်းဆီဆမ်းနဲ့စားကြတယ်။ ဒီ Recipe မှာပါတဲ့ဆီတို့ဟူးအနီရောင်ကိုတော့ Nam Yee လို့ခေါ်ပါတယ်။ ခုလိုမျိုးဟင်းထဲမှာ ထည့်ချက်ကြ သလို ကြက်သားနဲ့နယ်ပြီး ကြက်သားကြော်ကြော်ကြပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား – 500 gm (အနေတော်အရွယ်တုံးထားပါ)
  • ကြွက်နားရွက်မှို – 17 gm (မိနစ် ၂ဝ ခန့်ရေနွေးပူပူမှာ စိမ်ထားပါ။)
  •  ကြက်သွန်ဖြူ – 15 gm (နုပ်နုပ်စဉ်းထားပါ)
  •  ကြက်ဥ – ၁ လုံး
  •  တရုတ်မဆလာ (5 Spice Powder) – စားပွဲဇွန်း တစ်ဇွန်း
  •  ပဲငံပြာရည်အကြည် – စားပွဲဇွန်း နှစ်ဇွန်း
  • ပဲငံပြာရည်အနောက် – စားပွဲဇွန်း တစ်ဇွန်း
  • သကြား – စားပွဲဇွန်း တစ်ဇွန်းခွဲ
  • ဆီတို့ဟူးအနီ – ၁ တုံးနဲ့တစ်ဝက်
  • ဆီ – စားပွဲဇွန်း ၇ ဇွန်း
  • ဂျုံမှုန့် – စားပွဲဇွန်း ၂ ဇွန်း
  • ရေ – ၁ လီတာ
  • ငရုတ်ကောင်း – အနည်းငယ်

ချက်ပြုတ်နည်း

  1. ပထမဦးဆုံးဝက်သားကို ပဲငံပြာရည်အကြည် ၁ ဇွန်း၊ ပဲငံပြာရည်အနောက်၊ သကြား ၁ ဇွန်း၊ တရုတ် မဆလာ၊ ငရုတ်ကောင်း၊ ဂျုံမှုန့်၊ ကြက်ဥတို့နှင့်ရောနယ်ပြီး အနည်းဆုံး မိနစ် ၃ဝ-၆ဝ လောက်နှပ်ထားပါ။
  2.  ကြွက်နားရွက်မှိုကိုရေနွေးပူပူမှာ အနည်းဆုံးမိနစ် ၂ဝ လောက်စိမ်ထားပြီး မာနေတဲ့ထိပ်ပိုင်းကို ကတ် ကြေးဖြင့်ဖြတ်ပါ။
  3. အိုးထဲကိုဆီ ၄ ဇွန်းထည့်ပါ။ ဆီပူသည်နှင့် နှပ်ထားတဲ့ဝက်သားထည့်ပြီး ကြော်ပါ။ ဝက်သားထဲမှလည်း ဆီထွက်လာပါမယ်။ နီညိုရောင်သန်းလာသည်အထိကြော်ပြီး ဆယ်ထားပါ။
  4. ဒယ်အိုးထဲကိုကျန်နေတဲ့ ဆီ ၃ ဇွန်းထည့်ပါ။ ဆီပူရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။
  5. ကြော်ထားတဲ့ဝက်သား၊ ရေနွေးဖြင့်စိမ်ထားတဲ့ ကြွက်နားရွက်မှိုထည့်ပြီး မွှေပေးပါ။
  6. ဆီတို့ဟူးအနီကို ခြေထည့်ပြီး မွှေပါ။ ပြီးရင် ရေထည့်ပါ။
  7. ရေဆူပြီးရင် ကျန်ရှိနေတဲ့ သကြားဇွန်းတစ်ဝက်၊ ပဲငံပြာရည် ၁ ဇွန်းထည့်ပြီး မီးအရှိန်ပြင်း ပြင်းနဲ့ ၁ဝ-၁၅ မိနစ်ချက်ပါ။
  8.  မီးရှိန်လျော့ပြီး ဝက်သားနူးအိနေအောင်နှပ်ပါ။ ၁ နာရီလောက်ဆိုဝက်သားနူးပါပြီ။


No comments:

Post a Comment

@templatesyard