ငါးဥဟင်း


ငါးဥကို ကြော်စား၊ ချက်စား ပုံစံမျိုးစုံနဲ့ ချက်စားကြတဲ့အထဲက ဒီတစ်ခါတော့ ရေလည်၊ ဆီလည်လေးချက်ပြီး ပင်စိမ်းအုပ်ချက်စားဖြစ်တာလေးပါ။ ရှမ်းပြည်နယ်မှာတော့ ဖက်ဖယ် ရွက်လေးအုပ်ပြီး ခြောက်အောင် ချက်စားကြပါတယ်။


ပါဝင်ပစ္စည်းများ

  • ငါးဥ - ၃၀ဝ ဂရမ်
  • ခရမ်းချဉ်သီး - ၂ လုံး
  • ကြက်သွန်နီ - ၁ လုံး
  • ကြက်သွန်ဖြူ - ၅ မြွှာ
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ပင်စိမ်းရွက်/ဖက်ဖယ်ရွယ် - လက်တစ်ဆုပ်
  • နနွင်း - အနည်းငယ်
  • အရောင်တင် - အနည်းငယ်
  • ဆား - စားပွဲဇွန်း တစ်ဝက်
  • ဆီ - လိုသလောက်

ပြင်ဆင်ချက်ပြုတ်နည်း

၁။ ဦးစွာ ငါးဥကို ရေဆေးသန့်စင်ပြီး နနွင်းထည့်နယ်ကာ ရေခန်းပြုတ်ထားပါ။
၂။ ခရမ်းချဉ်သီးသေးသေးစိတ်ပြီး ကြက်သွန်နီနီ ပါးပါးလှီးထားပါ။
၃။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ရောထောင်းထားပါ။
၄။ ဖက်ဖယ်ရွက်နှင့် ပင်စိမ်းရွက်ကို ရေဆေးသန့်စင်ကာ သေးသေးစိတ်ပါ။
၅။ အားလုံးအသင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါ။
၆။ နနွင်း၊ အရောင်တင်ထည့်ပြီး ခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကို ထည့်ပါ။ ဆားထည့်ပြီး ခရမ်းချဉ်သီးကြေညက်အောင် မွှေပေးပါ။
၇။ ခရမ်းချဉ်သီးကြေညက်ပါက ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားသည်ကို ထည့်ပါ။ ပြီးလျှင် ပြုတ်ထားသော ငါးဥနှင့် ပင်စိမ်းတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။ ငရုတ်ပွထည့်လိုက ထည့်ပါ။
၈။ ရေအနည်းငယ်ထည့်ပြီး ပြန်လည်ဆူပွက်ပါက အရသာအပေါ့အငန် မြည်းကာတည်ခင်းသုံးဆောင် နိုင်ပါပြီ။


No comments:

Post a Comment

@templatesyard