ကိုရီးယားထမင်းလိပ် (ဂင်ဘော့)

ပါဝင်ပစ္စည်းများ

  • ရှမ်းဆန်ထမင်း
  • နှမ်းဆီ
  • ဆား
  • နှမ်းလှော်
  • ရေညှိရွက်
  • မုန်လာဥနီ (အရှည်ပါးပါးလှီးပါ)
  • ဟင်းနုနွယ် (လက်တဆုပ်စာ)
  • ဝက်အူချောင်း(အစို) - (အရှည်ပါးပါးလှီးပါ)
  • ကြက်ဥ (ခလောက်ထားပါ)
  • သခွာသီး (အခွံနွာ၊အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
  • နှမ်းဆီ
  • သကြား
  • ဆား
  • ပျားရည်
  • ပဲငံပြာရည်အနောက်(အချို)

မှတ်ချက် ။ ။ ရှမ်းဆန် မရှိပါက ရိုးရိုးဆန် ၁ချိုး ၊ကောက်ညှင်း ဆန် ၁ချိုးကို ရော၍ ချက်နိုင်သည်။


ပြင်ဆင်နည်း

1. အရင်ဆုံး မုန်လာဥနီကိုနှမ်းဆီ (လက်ဖက်ရည် ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သကြား (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ))တို့ ထည့်ပြီးဆီနည်းနည်းဖြင့် ၁မိနစ်ခန့် ကြော်ပေးပါ။

2. ဟင်းနုနွယ်ရွက်များကို ပွက်ပွက်ဆူသော အိုးထဲ ဆားအနည်းငယ် ထည့်၍ ပြုတ်ပြီး ရေစစ်ထားပါ။ ပြီးလျှင်နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားပါ။

3. ဝက်အူချောင်းကိုအရင် ဆီနဲ့ကြော်ပြီးမှပျားရည် (စားပွဲတင်ဇွန်း တဝက်)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း တဝက်)တို့ဖြင့် ရောနုယ်ထားပါ။

4. ကြက်ဥကို ဆား၊ သကြားအနည်းငယ်ဖြင့် ရောခလောက်၍ ဆီဖြင့် အဝိုင်းပြားကြော်ကာ အရှည်လေးများ ဖြစ်အောင် ဓား(သို့)ကတ်ကြေးဖြင့် လှီးထားပေးပါ။

5. သခွာသီးကို ဗီနီကာ(စားပွဲတင်ဇွန်း၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၁ဇွန်း))တို့ဖြင့် ရောနယ်ပြီး နှပ်ထားပါ။

6. အစားသွပ်ရန် ပစ္စည်းများဖြစ်သော မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဝက်အူချောင်း၊ ကြက်ဥ၊ သခွာသီးတို့ကို ပန်းကန်တစ်ချပ်တွင်ထည့်ထားလိုက်ပါ။

7. ထမင်းကျက်ပြီဆိုလျှင် (နှမ်းဆီ၊ နှမ်း၊ ဆား) တို့ဖြင့် ခပ်ဖွဖွ ရောမွှေထားလိုက်ပါ။


ထမင်းလိပ်နည်း

1. အရင်ဆုံး ဝါးယင်းလိပ်ကို ခင်းပြီး အပေါ်မှ ရေညှိရွက် တစ်ရွက်ကို ခင်းလိုက်ပါ။

2. နှယ်ထားသော ထမင်း(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ရေညှိရွက်ပေါ်တွင် ထမင်းထည့်လိုက်ပါ။

3. မုန်လာဥနီ၊ သခွာသီး၊ ကြက်ဥ၊ ဝက်အူချောင်း၊ ဟင်းနုနွယ် တို့ကို ထမင်းပေါ်တွင် တင်လိုက်ပါ။

4. ထမင်းလိပ်ကို အဆင့်ဆင့် ကျစ်ကျစ်လေး လိပ်ပေးပါ။

5. ထမင်းလိပ်ရပြီဆိုလျှင် ထက်သော ဓားကို ဆီအနည်းငယ်သုတ်ပြီ ၁၀ပိုင်းလောက်ထိ ရအောင် ပိုင်းပေးပါ။

6. အရသာ ထူးကဲသော ကိုရီးယား ထမင်းလိပ် ကိုသုံးဆောင် နိုင်ပါပြီ။


 

No comments:

Post a Comment

@templatesyard