ဆော့စ်ပြုလုပ်နည်းပေါင်းစုံ


မန်ကျည်းသီးဆော့စ်

        မန်ကျည်းသီး လက်တစ်ဆုပ်စာရယ်၊ ထန်းလျက် တစ်ခဲ၊ ငံပြာရည် လက်ဖက်စားတစ်ဇွန်း၊ ငရုတ်သီးစိမ်း ၁၀ တောင့်၊ နံနံပင် လက်ဖက်စားဇွန်း ၂ဇွန်းစာပဲ လိုပါတယ်။ ပထမဆုံး မန်ကျည်းသီးကို ရေဆေးအရည်ညှစ် ပြီး သောက်ရေတစ်ခွက်စာနဲ့ ကျိုထားပါမယ်။ မန်ကျည်းရည်ပျစ်ပြီဆိုတာနဲ့ ထန်းလျက်ခဲထည့်ကျိုပါမယ်။ ပြီးတာနဲ့ အဖက်တွေစစ်ထုတ်ပြီး ငံပြာရည်၊ မြေပဲထောင်း ငရုတ်သီးစိမ်းပါးပါးလှီးပြီးမွှေပါမယ်။ နောက်ဆုံးမှ နံနံပင် ထည့်မွှေရင် အရသာရှိတဲ့ မန်ကျည်းချဉ်ရပါပြီ။

___________________________________________________________________________________ 


သံပုရာငရုတ်သီးစိမ်းချဉ်
        သံပုရာသီး ၂လုံး ရယ်၊ ငရုတ်သီးစိမ်းတောင့် ၁၅ တောင့်ရယ်၊ ဆား လက်ဖက်ရည်တစ်ဇွန်းနဲ့ ကြံသကာ လက်ဖက်ရည် ၂ဇွန်းစာပဲ လိုပါတယ်။ ငရုတ်သီးစိမ်း၊ ဆားနဲ့ ကြံသကာကို ငရုတ်ဆုံထဲထည့် ကြေအောင် ထောင်းပြီး နောက်ဆုံးမှ သံပုရာသီးညှစ်ရုံပါပဲ။

___________________________________________________________________________________ 

 

ဘိတ်ချဉ်
  • ကြက်သွန်ဖြူ ဥတစ်လုံး
  • ငရုတ်သီးစိမ်း
  • ရှာလကာရည်
  • ငံပြာရည်
  • ဟင်းခပ်မှုန့်
        အားလုံးရောပီး စိမ်ထားရုံပါပဲ။ ကော်ဗူးက ကြာရင် ကော်နံ့ထွက်တတ်တာမို့ ပုလင်းနဲ့စိမ်တာက ပိုကောင်း ပါတယ်။ ခုလို စိမ်ထားတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို အရသာစိမ့်ဝင်နေပြီး ပိုစားကောင်းပါတယ်။
ကင်းမွန် ငံပြာရည်ထည့်ထည့် ဗမာငံပြာရည်ထည့်လည်း ရပါတယ်။ ရေမရောရပါဘူး။
___________________________________________________________________________________ 

 ခရမ်းချဉ်သီးဆော့စ် ( Tomato Sauce )
    ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes)ကို လေးစိတ်စိတ်ပြီးရေနည်းနည်းထည့် အဖုံးအုပ်ပြီးအိနပ် နေအောင်ပြုတ်ပါ။ ပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ ( အစေ့နဲ့ အခွံ မပါစေရ)။ ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် ( အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါအလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်။  ( ဘယ် အရောင်ဆိုးဆေး ( food colour)မှ ထည့်စရာ မလိုပါ )။ ရေ ကျန် မကျန် သိလိုပါကအနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ ( ရေစိမ့်ထွက် မလာပါက ရပါပြီ ) ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။ မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်အခန်းအပူချိန်အတိုင်း အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။

 
___________________________________________________________________________________ 
 
မန်ကျည်းနှစ်ဆော့စ် (Tamarind Sauce)

        ခရမ်းချဉ်သီးဆော့စ်ထဲမှာပါ၀င်သော ပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။ မန်ကျည်းအနှစ်ကို စားပွဲဇွန်း ၁၀ ဇွန်းထည့်ပြီး ရှလကာရည်ကို လျှော့ထည့်ပါ။ ပျားရည်အစား သကြားသုံးပါ။ လုပ်နည်းကတော့ ခရမ်းချဉ် သီးဆော့စ်နည်းအတိုင်းပါ။ စားခါနီးဆော့စ်ထဲ ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ပူစီနံ (သို့) နံနံပင်ဖြူးပြီး အကြော်နဲ့ တွဲစားလျှင် သိပ်ကောင်းပါတယ်။ ဘူးသီးကြော်နှင့်စားလျှင် လိုက်ဖက်ပါတယ်။
 
 ___________________________________________________________________________________
 

ဝက်သားဒုတ်ထိုးအချဉ်

        ဗမာ ငရုတ်ဆီကို အိုးထဲဖေါက်ထည့်၊ မုန့်လုပ်ထညက်ရည်၊ မကျည်းရည်နဲ့ ခပ်ပျစ်ပျစ်ကြိုပေးပြီး အအေးခံပါ။ ဂျင်းအနဲငယ်၊ ကြက်သွန်ဖြူ ထောင်းထည့်ပီး မွှေပေးပါ။ ဒါဆို ဝက်သားဒုတ်ထိုး အချဉ်ရပါပြီ။အစပ်အတွက် ငရုတ်သီးစိမ်းကို ပြုတ်ပီး ညက်နေအောင် ထောင်းထားပါ။ ချဉ်စပ်စားချင်သူများ သံပုရာရည်၊ အစပ် ထည့်ပီးစားပါ။
 
 ___________________________________________________________________________________  

 မြေပဲဆော့စ် (Peanut Sauces)

  • Peanut Butter - ၆ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆီ - ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ - ၁ လုံး
  • ဂျင်း - (အနည်းငယ်မျှသာ)
  • ကြက်သွန်ဖြူ - ၄ မွှာ
  • ပဲငံပြာရည်အကြည် - ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • အုန်းနို့ခရင် - ၄ ဇွန်း(စားပွဲတင်ဇွန်း)
  • သံပုရာရည် - ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆား (အနည်းငယ်)
  • ပျားရည် - ၂ ဇွန်း(စားပွဲတင်ဇွန်း)

        ပထမဆုံး ဒယိအိုးထဲသို့ဆီထည့်ပါ။ ကြက်သွန်နီ၊ အဖြူ ,ဂျင်းတို့ကိုထောင်းပြီးဆီသတ်ပါ။အနံ့မွှေးလာပါက ပါဝင်ပစ္စည်းများအားလုံးကို ပါဝင်အချိုးအစားအတိုင်းထည့်ပြီးမွှေပေးပါ။ ခပ်ပျစ်ပျစ်လေးဖြစ်လာပါကမီးပိတ်ပြီးချပါ မြေပဲဆော့ရပါပြီ ကြက်သားကင်ဖြင့်တို့ပြီးစားသုံးနိုင်ပါသည်။ 
 
 ___________________________________________________________________________________ 

ထိုင်းငရုတ်အချိုဆော့စ် ( Thai Sweet Chili Sauce )

        လက်ညှိုးအရွယ်ရှိတဲ့ ငရုတ်အနီ အစိုသီးအတောင့် ၂၀ မှာ စပ်တဲ့ ငရုတ်အနီအစိုအသေးတောင့် ၅ တောင့်ထည့်ပါ၊ ကြက်သွန်ဖြူ ၅ မွှာနဲ့ ခွဲကြမ်းဖြစ်အောင်ထောင်းပါ( သိပ်မကြေသလို / သိပ်ပြီးအဖတ် မကြီးစေရ) ထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ရေ လိုသလောက် / အနေတော်ထည့် ဆား/ သကြား/ ရှာလကာရေ ထည့်ပြီးပွက်ပွက်ဆူဆောင် ကျိုပါ။ ( အရသာမှာ ချိုချဉ် ) အရသာ စိတ်တိုင်းကျပြီဆိုရင် ကော်မှုန့်ကို ရေ နဲ့ အနေတော်ဖျော်ပြီး မပျစ် မကျဲ အနေအထားရောက်အောင်ထည့်မွှေပေးပါ

        Sauce အေးသွားပြီးနောက် စားခါနီး သံပုရာရေ အနည်းငယ် ညှစ်ထည့်ပါက အနံ့ပိုမွှေးပါတယ်။အအေးခံပြီး ဗူးသန့်သန့် နဲ့ထားပါက နှစ်ချီအထားခံပါတယ်။ စားခါနီးမှာ ရှောက်ရွက်လေး သေးမျှင်လှီးပြီးအလှ ဆင် တင်စားလို့ရပါတယ်။

 ___________________________________________________________________________________ 

ပီဇာဆော့စ် ( Pizza Sauce )

        ခရမ်းချဉ်သီးကို ခြမ်းပြီး အိနပ်နေအောင် ပြုတ်ထားပါ၊ ကြက်သွန်ဖြူ/နီ ကိုထောပတ်နဲ့ ဆီသတ်ပါ၊ Basil leaves / Oregano / thyme/ Dill/ Rosemary/bay leaves စတဲ့ western herbs (အနောက်တိုင်း ဟင်းခပ် အရွက်)တွေထည့်ပါ ( Ocean မှာရှိပါတယ်) အနံ့မွှေးလာရင် ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ( ရေမပါဘဲ ) ထည့်မွှေချေပါ။ ကြေသွားပြီးရင် blender နဲ့ မွှေပါ။ ပြီးရင် ဆန်ခါနဲ့ စစ်ပါ။ ရလာတဲ့ အနှစ်တွေကို ဒယ်မှာ ပြန်ထည့်ပြီး ဆား/ သံပုရာရေ( လိုအပ်ရင်)/ သကြား/ ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။ (တချို့ကတော့ apple juice / Apple cider/ Vinegar တွေ ထည့်ကြပါတယ်။) မီးအေးအေးနဲ့ ၄၅ မိနစ် ၁ နာရီထိပျစ်လာ အောင်မွှေပေးပါ။ ( တကယ်တမ်း ကြာချိန်က ၄ နာရီလောက်ထိ နှပ်ထားရပါတယ် ) ဒါမှသာ juicy အနှစ် အရသာ ပြည့်စုံလာပါတယ်။ အအေးခံပြီး ဗူးသန့်သန့်နဲ့ လေလုံအောင် ပိတ်ထားပါ။ အအေးခန်း( 14'C )မှာ ထားပါက အနည်းဆုံး လချီ ပြီးအထားခံပါတယ်။


No comments:

Post a Comment

@templatesyard